Quran Apps in many lanuages:

Surah An-Nisa Ayahs #39 Translated in Burmese

وَإِنْ خِفْتُمْ شِقَاقَ بَيْنِهِمَا فَابْعَثُوا حَكَمًا مِنْ أَهْلِهِ وَحَكَمًا مِنْ أَهْلِهَا إِنْ يُرِيدَا إِصْلَاحًا يُوَفِّقِ اللَّهُ بَيْنَهُمَا ۗ إِنَّ اللَّهَ كَانَ عَلِيمًا خَبِيرًا
ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် ယင်းဇနီးမောင်နှံနှစ်ဦးတို့၏ အကြားဝယ် (အကြီးအကျယ်) ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်ခဲ့ကြပါသော် (၎င်းဇနီးမောင်နှံနှစ်ဦးတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ခြင်းငှါ) ထိုလင်ယောက်ျား၏ ဆွေမျိုးသားချင်းတို့အနက်မှ ခုံသမာဓိ လူကြီးတစ်ယောက်ကိုလည်းကောင်း၊ ထိုဇနီးမိန်းမ၏ ဆွေမျိုးသားချင်းတို့အနက်မှ ခုံသမာဓိ လူကြီးတယောက်ကိုလည်းကောင်း၊ ခန့်အပ် (၍ ယင်းပြဿနာကိုဖြေရှင်းစေ) ကြလေကုန်။ အကယ်၍သာ ယင်း (ခုံသမာဓိလူကြီး) နှစ်ဦးတို့သည် (စိတ်ရောကိုယ်��ါ) ထိုဇနီးမောင်နှံနှစ်ဦးတို့၏ အခြေအနေကို ပြုပြင်ရန်အတွက် ရည်စူးကြပါသော် အလ္လာဟ်အရှင်မြတ်သည် ယင်း (ဇနီးမောင်နှံ) နှစ်ဦးတို့၏အကြားတွင် (မလွဲဧကန်) သင့်တင့်စေတော်မူအံ့။ အလ္လာဟ်အရှင်မြတ်သည် မချွတ်ဧကန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ရှိသိတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်ပင် ဖြစ်တော်မူပေသတည်း။
وَاعْبُدُوا اللَّهَ وَلَا تُشْرِكُوا بِهِ شَيْئًا ۖ وَبِالْوَالِدَيْنِ إِحْسَانًا وَبِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَالْجَارِ ذِي الْقُرْبَىٰ وَالْجَارِ الْجُنُبِ وَالصَّاحِبِ بِالْجَنْبِ وَابْنِ السَّبِيلِ وَمَا مَلَكَتْ أَيْمَانُكُمْ ۗ إِنَّ اللَّهَ لَا يُحِبُّ مَنْ كَانَ مُخْتَالًا فَخُورًا
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါးတုံ အသင်တို့သည် အမိအဘနှစ်ပါးတို့နှင့်လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့နှင့်လည်းကောင်း၊ ဖမဲ့ကလေးတို့နှင့်လည်းကောင်း၊ အထီးကျန် သူဆင်းရဲတို့နှင့်လည်းကောင်း၊ (အိမ်ချင်း) နီးကပ်သော (တစ်နည်း) ဆွေမျိုးတော်စပ်သော အိမ်နီးချင်းတို့နှင့်လည်းကောင်း၊ (အိမ်ချင်း) ဝေးလံသော (တစ်နည်း) ဆွေမျိုးတော်စပ်ခြင်းမရှိသော အိမ်နီးချင်းတို့နှင့်လည်းကောင်း၊ (မိမိတို့နှင့်အတူ နေထိုင် သွားလာကြကုန်သော) အပေါင်းအဖေါ်တို့နှင့်လည်းကောင်း၊ ခရီးသည်တို့နှင့်လည်းကောင်း၊ မိမိတို့၏လက်အောက်ဖြစ်သော (ဝါ) မိမိတို့ပိုင်ဆိုင်သော ကြေးကျွန်တို့နှင့်လည်းကောင်း၊ ကောင်းစွာ ဆက်ဆံ ပြုစုကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မာနထောင်လွှားသောသူ၊ ဝါကြွားပြောဆိုသောသူကို နှစ်သက်တော်မူသည်မဟုတ်ပေ။
الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ وَيَكْتُمُونَ مَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ ۗ وَأَعْتَدْنَا لِلْكَافِرِينَ عَذَابًا مُهِينًا
အကြင်သူတို့သည် မိမိတို့ကိုယ်တိုင်လည်း စေးနဲကြကုန်၏။ သူတစ်ပါးတို့အားလည်း စေးနဲကြစေရန် ညွှန်ကြားကြ၏။ ထိုမျှသာမကသေး ယင်းသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်နှင့် ပေးသနားတော်မူခဲ့သော အရာများကိုလည်း (လှူဒါန်းသုံးစွဲခြင်းမပြုဘဲ) လျှို့ဝှက်ထိမ်ချန်၍ ထားရှိကြ၏။ အမှန်စင်စစ် ငါအရှင်မြတ်သည် ကျေးဇူးကန်းသောသူတို့အဖို့ ဂုဏ်အသရေ ပျက်စီးစေသော အပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားရှိတော်မူသည်။
وَالَّذِينَ يُنْفِقُونَ أَمْوَالَهُمْ رِئَاءَ النَّاسِ وَلَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ ۗ وَمَنْ يَكُنِ الشَّيْطَانُ لَهُ قَرِينًا فَسَاءَ قَرِينًا
၎င်းပြင် အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို လူအများတို့အား ပြစားရန်အလို့ငှာ လှူဒါန်းသုံးစွဲကြကုန်၏။ သို့ရာတွင်မူကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်ကြသည်မဟုတ်ပေ။ အမှန်စင်စစ် မည်သူမဆို ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ထိုသူ၏ အပေါင်းအဖေါ်ဖြစ်ခဲ့ပါမူ (ထို ရှိုင်တွာန်သည်) အလွန်ဆိုးရွားလှသော အပေါင်းအဖေါ်ပင် ဖြစ်ချေသတည်း။
وَمَاذَا عَلَيْهِمْ لَوْ آمَنُوا بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَنْفَقُوا مِمَّا رَزَقَهُمُ اللَّهُ ۚ وَكَانَ اللَّهُ بِهِمْ عَلِيمًا
၎င်းပြင် အကယ်၍သာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ခဲ့ကြပါလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော ဥစ္စာပစ္စည်းများကို (ထိုအရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှါ) လှူဒါန်းသုံးစွဲခဲ့ကြပါလျှင် ထိုသူတို့မှာ အဘယ်ကဲ့သို့ နင့်နာသွားရမည်နည်း။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (၏ အခြေအနေဖြစ်အင်တို့ကို) ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: