Quran Apps in many lanuages:

Surah Al-Anaam Ayahs #20 Translated in Burmese

مَنْ يُصْرَفْ عَنْهُ يَوْمَئِذٍ فَقَدْ رَحِمَهُ ۚ وَذَٰلِكَ الْفَوْزُ الْمُبِينُ
မည်သူမဆို ၎င်း၏အပေါ်မှ ထို(ကိယာမတ်ရှင်ပြန်မည့်)နေ့တွင် ယင်းအပြစ်ဒဏ်သည် ဖယ်ရှားခြင်းခံရလျှင် မလွဲဧကန် ထိုအရှင်မြတ်သည် ၎င်း၏အပေါ်ဝယ် အလွန်တရာမျှပင် သနားကြင်နာ ညှာတာ တော်မူပြီး ဖြစ်ချေသည်။အမှန်စင်စစ် ဤ(ကဲ့သို့ အပြစ်ဒဏ်ဖယ်ရှားခြင်းနှင့် သနားကြင်နာမှုကို ခံစားရခြင်း)သည်ပင်လျှင် ထင်ရှားစွာသောအောင်မြင် မှုပင်တည်း။
وَإِنْ يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِنْ يَمْسَسْكَ بِخَيْرٍ فَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းပြင် (အို-လူသား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဤမျက်မှောက် လောကီဘဝ၌ဖြစ်စေ၊ နောင်တမလွန်ဘဝ၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ သင့်စေတော်မူပါလျှင် ထိုအရှင်မြတ်မှတစ်ပါး ယင်းဘေးအန္တရာယ်ကို ကင်းဝေးပပျောက်စေနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။ အကယ်၍ ထိုအရှင်မြတ်သည် အသင်၌ တစ်စုံတစ်ရာ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေတော် မူပါလျှင်လည်း (မည်သူမျှ ထိုကျေးဇူးကို ပျက်ပြားစေနိုင်သူဟူ၍ မရှိချေ၊) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင် သောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ
၎င်းပြင် ထိုအရှင်မြတ်သည် မိမိကျွန်များအပေါ်ဝယ် နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ်လည်းဖြစ် တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ (သတင်းအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။
قُلْ أَيُّ شَيْءٍ أَكْبَرُ شَهَادَةً ۖ قُلِ اللَّهُ ۖ شَهِيدٌ بَيْنِي وَبَيْنَكُمْ ۚ وَأُوحِيَ إِلَيَّ هَٰذَا الْقُرْآنُ لِأُنْذِرَكُمْ بِهِ وَمَنْ بَلَغَ ۚ أَئِنَّكُمْ لَتَشْهَدُونَ أَنَّ مَعَ اللَّهِ آلِهَةً أُخْرَىٰ ۚ قُلْ لَا أَشْهَدُ ۚ قُلْ إِنَّمَا هُوَ إِلَٰهٌ وَاحِدٌ وَإِنَّنِي بَرِيءٌ مِمَّا تُشْرِكُونَ
(အို=နဗီတမန်တော်) အသင်သည် (ထိုသူတို့အား) ဟယ်-အချင်းတို့ သက်သေခံရာ၌ မည်သည့်အရာသည်အကြီးအကျယ်ဆုံးဖြစ်ပါသနည်း။ [(တစ်နည်း) မည်သူ၏သက်သေခံခြင်းသည် အကြီးအကျယ်ဆုံးဖြစ်ပါသနည်း)]ဟု မေးမြန်းပါသနည်း။ (တဖန်)အသင်ကပင် (ယင်းသူတို့အားဤသို့)ပြောကြားပါလေ။ အလ’ာအရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်အသင်တို့၏ စပ်ကြားတွင် သက်သေဖြစ်တော်မူပါသည်။စင်စစ် (ထိုအရှင်မြတ်၏ သက်သေခံခြင်းမှာ) ကျွန်ုပ်၏ထံဝယ်ဤကုရ်အာန်ကျမ်းတော် မြတ်သည် (အလ္လာဟ်အရှင်မြတ်ထံတော်မှ) ‘ဝဟ်ယ်’ အမိန့် တော်အဖြစ် ပို့သခဲ့ခြင်းပင် ဖြစ်ပေသည်။ (တနည်း) ထိုကုရ်အာန်ကျမ်းမြတ်ဖြင့် အသင်တို့အားလည်းကောင်း၊ ထိုကုရ်အာန်ကျမ်းမြတ် ရောက်ရှိသော သူတို့အားလည်းကောင်း၊ ကျွန်ုပ် သတိပေးနှိုးဆော်ရန်အတွက်ဖြစ်သည်။ သို့မှာသာလျှင် ကျွန်ုပ်သည် ယင်းကုရ်အာန် ကျမ်းတော်မြတ်ဖြင့် အသင်တို့အား၎င်း၊ ကုရ်အာန် ကျမ်းတော်မြတ်ရောက်ရှိသောသူတို့အား၎င်း၊ သတိပေး နှိုးဆော်နိုင်မည်ဖြစ်ချေသည်။ (ထိုကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ရောက်ရှိပြီးဖြစ်သော်လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း (တွဲဖက်လျက်) ရှိကြသေးသည် ဟု သက်သေခံကြမည်လော။ (အကယ်၍ ၎င်းတို့က ဤအတိုင်း သက်သေ ခံကြပါလျှင်) အသင်သည်(၎င်းတို့အား) ကျွန်ုပ်သည် (ယင်းကဲ့သို့) အလျင်းသက်သေခံမည်မဟုတ်ဟု ပြောကြားပါလေ။ ထိုမှတစ်ပါး အသင်သည်(ယင်းသူတို့အား) အချင်းတို့ ထို(အလ္လာဟ်)အရှင်မြတ်သည်တစ်ဆူတည်းသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟူ၍လည်းကောင်း၊ ကျွန်ုပ်သည် မုချဧကန် အသင်တို့ပြုကြကုန်သော တွဲဖက်ကိုးကွယ်ခြင်းမှ ကင်းလွတ်သူဖြစ်ပေသည် ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။
الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمُ ۘ الَّذِينَ خَسِرُوا أَنْفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
အကြင်သူတို့သည် ငါအရှင်မြတ်က ၎င်းတို့ အားကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုသူတို့သည် မိမိတို့၏ သားများကိုမှတ်မိကြသကဲ့သို့ပင်၊ ထို(နဗီတမန်တော်မြတ်)အားလည်း မှတ်မိကြကုန်သည်။ (သို့ရာတွင်)မိမိတို့ကိုယ်ကို မိမိတို့ပင် ကျိုးယုတ်နစ်နာအောင် ပြုလုပ်သောသူတို့မူကား အလျင်း သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။

Choose other languages: