Quran Apps in many lanuages:

Surah Al-Baqara Ayahs #127 Translated in Burmese

وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا عَدْلٌ وَلَا تَنْفَعُهَا شَفَاعَةٌ وَلَا هُمْ يُنْصَرُونَ
ထိုမှတစ်ပါးတုံ (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သေပြီးသည့်နောက် ပြန်လည်ရှင်ပြန်ထကြရမည့်) နေ့ကို အထူးတလည် ကြောက်ရွံ့ကြကုန်၊ အကြောင်းမူကား ထိုနေ့တွင် မည်သူတစ်ဦး တစ်ယောက်မျှ အခြားတစ်ဦး တစ်ယောက်အဘို့ စိုးစဉ်းမျှကိုပင် စွမ်းဆောင်နိုင်မည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်ထံမှလည်း အစားလဲလှယ်ပေးခြင်းကို (အလ္လာဟ် အရှင်မြတ်သည်) သဘောတူ လက်ခံမည်မဟုတ်၊ မည်သူတစ်စုံတစ်ယောက်၏ အသနားခံ တောင်းပန် ပေးခြင်းသည်လည်း အခြား တစ်စုံတစ်ယောက်သောသူအဖို့ အကျိုးဖြစ်ထွန်းစေမည်လည်း မဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့သည် မည်သည့်ကူညီ ယိုင်းပင်းမှုကိုမျှလည်း ခံစားကြရမည် မဟုတ်ပေ။
وَإِذِ ابْتَلَىٰ إِبْرَاهِيمَ رَبُّهُ بِكَلِمَاتٍ فَأَتَمَّهُنَّ ۖ قَالَ إِنِّي جَاعِلُكَ لِلنَّاسِ إِمَامًا ۖ قَالَ وَمِنْ ذُرِّيَّتِي ۖ قَالَ لَا يَنَالُ عَهْدِي الظَّالِمِينَ
တဖန် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို ထိုနဗီတမန်တော်အား မွေးမြူ တော်မူသောအရှင်မြတ်သည် အချို့သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စမ်းသပ်တော် မူလေရာ၊ ထိုနဗီတမန်တော်သည် ယင်းကိစ္စ အရပ်ရပ်တို့ကို ပြည့်စုံပြီးမြောက်အောင် ဆောင်ရွက်ခဲ့လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်က (အို-တမန် တော်အစ်ဗ်ရာဟီမ်) မုချဧကန် ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့၏ ရှေ့ဆောင်ဦးစီး နာယကအဖြစ်ခန့်အပ် ခြီးမြှင့်တော်မူအံ့ဟု မိန့်ကြားတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) က (အို-မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော အနန္တကျေးဇူးတော်ရှင်) ကျွန်တော်မျိုး၏သားမြေးတို့အနက်မှလည်း (ထိုနည်းတူစွာ ရှေ့ဆောင်ဦးစီးနာယက အဖြစ် ခန့်အပ်တော် မူပါမည်လော) ဟု လျှောက်ထားပန်ကြားပြန်လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်ကငါအရှင်မြတ်၏ပဋိညာဉ်တော်သည် ပြစ်မှုကျူးလွန်သော မတရားသောသူတို့နှင့် မသက်ဆိုင်ဟု မိန့်ကြားတော်မူလေသတည်း။
وَإِذْ جَعَلْنَا الْبَيْتَ مَثَابَةً لِلنَّاسِ وَأَمْنًا وَاتَّخِذُوا مِنْ مَقَامِ إِبْرَاهِيمَ مُصَلًّى ۖ وَعَهِدْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ أَنْ طَهِّرَا بَيْتِيَ لِلطَّائِفِينَ وَالْعَاكِفِينَ وَالرُّكَّعِ السُّجُودِ
၎င်းပြင် အသင်တို့သည် ပြန်လည်အောက်မေ့ သတိရကြကုန်လော့၊ အခါတပါး၌ ငါအရှင်မြတ်သည် (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လူခပ်သိမ်း တို့အဘို့ သွားရောက်စုဝေးရာ ဗဟိုဌာနအဖြစ်ဖြင့်လည်းကောင်း၊ အဘယဒါယီ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရာ ဌာန အဖြစ်ဖြင့် လည်းကောင်း၊ ပြုလုပ်သတ် မှတ်တော်မူခဲ့လေပြီ။ ထို့ပြင်တဝ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) ရပ်တည် ရာနေရာကို ဆွလာတ်ဝတ်ပြုရန် နေရာအဖြစ် သတ်မှတ်ကြကုန်ဟူ၍ အသင်တို့ကို ငါမိန့်တော်မူခဲ့ လေသည်။ ထိုမှတပါး ငါအရှင်မြတ်သည် နဗီတမန်တော်အစ်ဗ်ရာဟီမ်(အ) နှင့် နဗီတမန်တော် အစ္စမာအီလ်(အ) တို့အားအသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လှည့်ပတ် ဖူးမျှော်ကြသူတို့ အဘို့အရာလည်းကောင်း၊ တရားကိုနှစ်သက်၍ ထိုကျောင်းတော်၌ တစ်ကိုယ်တစ်ကာယတည်း အိအ်တိကာဖ် ပြုလုပ် သီတင်းသုံး နေထိုင်ကြသူတို့ အဘို့အရာ လည်းကောင်း၊ ဦးညွတ်ရိုကျိုးသော သူအပေါင်းတို့ အဖို့အရာလည်းကောင်း၊ ပျပ်ဝပ်ဦးချသောသူ အပေါင်းတို့ အဘို့အရာလည်းကောင်း ဤငါ၏အိမ်တော်ကို(ရုပ်ပွားဆင်းတု၊ အညစ်အကြေး၊ အစရှိသည်တို့မှ) ရှင်းလင်းထားကြရမည်ဟု အမိန့်တော်�ို ချမှတ်တော်မူခဲ့ လေသတည်း။
وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا بَلَدًا آمِنًا وَارْزُقْ أَهْلَهُ مِنَ الثَّمَرَاتِ مَنْ آمَنَ مِنْهُمْ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ قَالَ وَمَنْ كَفَرَ فَأُمَتِّعُهُ قَلِيلًا ثُمَّ أَضْطَرُّهُ إِلَىٰ عَذَابِ النَّارِ ۖ وَبِئْسَ الْمَصِيرُ
ထို့ပြင်တဝ(ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) တပါးသောအခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)သည် (အလ္လာဟ် အရှင်မြတ် အထံတော်၌ ဤသို့ လျှောက်ထား ပန်ကြားသည်၊) အို-ကျွန်တော်မျိုးအား မွေးမြူတော်မူသော အရှင်၊ ဤဒေသကို (ခပ်သိမ်းကုန်သော ဘေးရန်တို့မှ ကင်းစေ၍) ငြိမ်းချမ်းသာယာ (စည်ကားလှသော) မြို့တော် ဖြစ်ပါစေသတည်း၊ ထို့ပြင်ဤဒေသ၌ (မှီတင်းနေထိုင်ကြကုန်သော) မြို့သူမြို့သားများ အနက်မှ အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ (သေပြီးနောက် ပြန်လည်ရှင်ထမည့်) နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သူ (အပေါင်း) တို့အားလည်း သစ်သီးဝလံ ခဲဘွယ်ဘောဇဉ် အမျိုးမျိုးကို စားသောက်သုံးစွဲရန်အလို့ငှာ ပေးသနားတော်မူပါ။(ထိုရောအခါ) အလ္လာဟ် အရှင်မြတ်က [အစ်ဗ်ရာဟီမ်] အသင်တင်လျှောက်သည့် ပတ္ထနာ ဆုမွန်ကို ငါအရှင်မြတ်သည် လက်ခံတော်မူလေပြီ။ သို့ငြားလည်း ငါအရှင်မြတ်သည် ဤမြို့သူမြို့သားများအနက်မှ ငါအရှင်မြတ်ကို မယုံမကြည ်သွေဖည် ငြင်းပယ်သူတို့အားလည်း အနည်းငယ် မျှကာလအဘို့ (လောကီ) စည်းစိမ်ကိုပေးသနားတော်မူမည်။ နောင် တမလွန်ဘဝ၌မူ ငါအရှင်မြတ်သည် ထိုသူတို့အား ငရဲမီးဘေးရှိရာသို့ အတင်းအကြပ် မောင်းနှင် (ပို့ဆောင်) တော် မူမည်။ အမှန်စင်စစ် (ယင်းသူတို့) လားရာခရီး လမ်းဆုံးစခန်း သည် အလွန်ပင်ဆိုးဝါးလှပေသည်တကား ဟု မိန့်ကြား တော်မူလေသည်။
وَإِذْ يَرْفَعُ إِبْرَاهِيمُ الْقَوَاعِدَ مِنَ الْبَيْتِ وَإِسْمَاعِيلُ رَبَّنَا تَقَبَّلْ مِنَّا ۖ إِنَّكَ أَنْتَ السَّمِيعُ الْعَلِيمُ
ထိုမှတပါး (ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အ) နှင့်(သားတော်) နဗီတမန်တော် အစ္စမာအီလ် (အ)တို့သည်(ကအ်ဗဟ်) ကျောင်းတော်မြတ်၏ ကျောက်နံရံကို မြှင့်တင်နေစဉ် (ဤသို့ဆုမွန်များကို တောင်းဆိုကြကုန်၏)။ အိုကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ထံမှ (ဤကောင်းမှုကို မိမိ၏အနန္တကျေးဇူးတော်ဂုဏ်ဖြင့်) သဘောတူ လက်ခံယူတော်မူပါ၊ ဧကန်မုချ အရှင်သည်သာလျှင်(ကျွန်တော်မျိုးတို့ တောင်းဆိုသော ဆုများကို) ကြားတော်မူသောအရှင် (ကျွန်တော်မျိုး တို့၏အာသာန္ဒများကိုလည်း) သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။

Choose other languages: