Quran Apps in many lanuages:

Surah An-Nisa Ayahs #24 Translated in Burmese

وَإِنْ أَرَدْتُمُ اسْتِبْدَالَ زَوْجٍ مَكَانَ زَوْجٍ وَآتَيْتُمْ إِحْدَاهُنَّ قِنْطَارًا فَلَا تَأْخُذُوا مِنْهُ شَيْئًا ۚ أَتَأْخُذُونَهُ بُهْتَانًا وَإِثْمًا مُبِينًا
ထို့ပြင်တဝ အကယ်၍ အသင်တို့သည် (ပေါင်းသင်းဆက်ဆံခြင်းငှာ မဖြစ်နိုင်၍) ဇနီးမိန်းမတစ်ဦး (ကိုကွာရှင်းကာ ၎င်း) ၏နေရာ၌ အခြားမိန်းမတစ်ဦးကို ပြောင်းလဲ (ထိမ်းမြား) ရန် ကြံရွယ်ရည်စူး ကြပါမူ၊ အသင်တို့သည် ထို (ပထမ) ဇနီးသည်ကို ပစ္စည်းအမြောက်အမြား ပေးထားခဲ့ကြလင့်ကစား ထိုပစ္စည်းများအနက်မှ တစ်စုံတစ်ရာကိုမျှ ပြန်၍ မယူကြကုန်လင့်။ အသင်တို့သည် (မိမိတို့ပေးခဲ့ပြီးဖြစ်သော) ပစ္စည်းများကို မဟုတ်မမှန်ပြောဆိုစွပ်စွဲ၍ ထင်ရှားသောပြစ်မှုကို (ကျူးလွန်ကာ) ပြန်၍ ယူလိုကြပါသလော။
وَكَيْفَ تَأْخُذُونَهُ وَقَدْ أَفْضَىٰ بَعْضُكُمْ إِلَىٰ بَعْضٍ وَأَخَذْنَ مِنْكُمْ مِيثَاقًا غَلِيظًا
တစ်ဖန် အသင်တို့သည် ဥစ္စာပစ္စည်းများကို အဘယ်ကဲ့သို့ ပြန်၍ယူကြမည်နည်း။ ဧကန်စင်စစ် အသင်တို့သည် တစ်ဦးနှင့်တစ်ဦး (အကြင်ဇနီးမောင်နှံအဖြစ် ပေါင်းသင်းဆက်ဆံ) ရောနှောစပ်ယှက်ပြီး ဖြစ်ကြသည့်ပြင်၊ ယင်းဇနီးမိန်းမတို့သည် (မိမိတို့၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍) အသင်တို့ထံမှ ခိုင်မာသောကတိသစ္စာ ပဋိညာဉ်ဝန်ခံချက်ကို ယူထားပြီးလည်းဖြစ်ကြလေသတည်း။
وَلَا تَنْكِحُوا مَا نَكَحَ آبَاؤُكُمْ مِنَ النِّسَاءِ إِلَّا مَا قَدْ سَلَفَ ۚ إِنَّهُ كَانَ فَاحِشَةً وَمَقْتًا وَسَاءَ سَبِيلًا
၎င်းပြင် အသင်တို့သည် မိမိတို့၏ဖခင်များ ထိမ်းမြားခဲ့ကြကုန်သော မိန်းမတို့နှင့် ထိမ်းမြားခြင်းကို မပြုကြကုန်လင့်။ သို့ရာတွင် (ဤအမိန့်တော်မကျရောက်မီ) လွန်ခဲ့သောအမှုများကား (လွန်ခဲ့လေပြီ။) အကြောင်းသော်ကား ယင်းအမှုကိစ္စသည် ဧကန်စင်စစ် ယုတ်မာမှုတရပ်ဖြစ်သည့်ပြင် စက်ဆုပ်ရွံရှာဖွယ်လည်းဖြစ်၏။ ဤမျှမက ယင်းကိစ္စသည် အလွန်ဆိုးရွားလှသော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသေး၏။
حُرِّمَتْ عَلَيْكُمْ أُمَّهَاتُكُمْ وَبَنَاتُكُمْ وَأَخَوَاتُكُمْ وَعَمَّاتُكُمْ وَخَالَاتُكُمْ وَبَنَاتُ الْأَخِ وَبَنَاتُ الْأُخْتِ وَأُمَّهَاتُكُمُ اللَّاتِي أَرْضَعْنَكُمْ وَأَخَوَاتُكُمْ مِنَ الرَّضَاعَةِ وَأُمَّهَاتُ نِسَائِكُمْ وَرَبَائِبُكُمُ اللَّاتِي فِي حُجُورِكُمْ مِنْ نِسَائِكُمُ اللَّاتِي دَخَلْتُمْ بِهِنَّ فَإِنْ لَمْ تَكُونُوا دَخَلْتُمْ بِهِنَّ فَلَا جُنَاحَ عَلَيْكُمْ وَحَلَائِلُ أَبْنَائِكُمُ الَّذِينَ مِنْ أَصْلَابِكُمْ وَأَنْ تَجْمَعُوا بَيْنَ الْأُخْتَيْنِ إِلَّا مَا قَدْ سَلَفَ ۗ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
(အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့) အသင်တို့အဖို့ (နိကာဟ် ထိမ်းမြားလက်ထပ်ခြင်းမပြုကြရန်) ဟရာမ်ဟူ၍ မြစ်တားထားပြီးဖြစ်သော မိန်းမများကား၊ အသင်တို့၏ မိခင်များသည်လည်းကောင်း၊ အသင်တို့၏ သမီးများသည်လည်းကောင်း၊ အသင်တို့၏အစ်မများ၊ နှမများသည်လည်းကောင်း၊ အသင်တို့၏ အရီးကြီး၊ အရီးကလေးသည်လည်းကောင်း၊ အသင်တို့၏ အမိကြီး၊ အမိထွေးတို့သည်လည်းကောင်း၊ ညီ (သို့မဟုတ်) အစ်ကို၏ သမီးများသည်လည်းကောင်း၊ အသင်တို့အား နို့ရည်တိုက်ကျွေးခဲ့ဖူးသော နို့ထိန်းသည် မိခင်တို့သည်လည်းကောင်း၊ အစ်မ၊ နှမ၏ သမီးများသည် လည်းကောင်း၊ နို့စို့ဖက်အစ်မ၊ နှမများသည်လည်းကောင်း၊ အသင်တို့၏ ဇနီးမိန်းမတို့၏ မိခင်များသည်လည်းကောင်း၊ အသင်တို့ ပေါင်းသင်းစပ်ယှက်ခဲ့ဘူးကြသော ဇနီးမိန်းမတို့မှ ပေါက်ဖွားကြကုန်သော အသင်တို့၏ရင်ခွင်၌ ကြီးပြင်းကြသော မိမိတို့၏ မယားပါသမီးများသည်လည်းကောင်း ဖြစ်ကြကုန်သတည်း။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယင်းဇနီးမိန်းမတို့နှင့် ပေါင်းသင်းစပ်ယှက်ခြင်းမပြုခဲ့ကြပါမူ (ထိုမယားပါသမီးများနှင့် ထိမ်းမြားခြင်းအားဖြင့်) အသင်တို့၌ အပြစ်တစ်စုံတစ်ရာမျှမရှိပေ။ ၎င်းပြင် အသင်တို့၏ သားရင်းတို့၏ ဇနီးမိန်းမတို့ (နှင့် ထိမ်းမြားခြင်း) သည်လည်းကောင်း၊ ညီအစ်မ နှစ်ယောက်တို့ကို (တစ်ချိန်တည်းထိမ်းမြား) ပေါင်းသင်းခြင်းသည်လည်းကောင်း၊ (မြစ်တားပြီးဖြစ်ပေသည်) ။ သို့ရာတွင် (ဤအမိန့်တော်မကျရောက်မီက) ပြုခဲ့သည်တို့သည် (ခွင့်လွှတ်ပြီးဖြစ်ချေသည်) အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်တို့မှ) အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။
وَالْمُحْصَنَاتُ مِنَ النِّسَاءِ إِلَّا مَا مَلَكَتْ أَيْمَانُكُمْ ۖ كِتَابَ اللَّهِ عَلَيْكُمْ ۚ وَأُحِلَّ لَكُمْ مَا وَرَاءَ ذَٰلِكُمْ أَنْ تَبْتَغُوا بِأَمْوَالِكُمْ مُحْصِنِينَ غَيْرَ مُسَافِحِينَ ۚ فَمَا اسْتَمْتَعْتُمْ بِهِ مِنْهُنَّ فَآتُوهُنَّ أُجُورَهُنَّ فَرِيضَةً ۚ وَلَا جُنَاحَ عَلَيْكُمْ فِيمَا تَرَاضَيْتُمْ بِهِ مِنْ بَعْدِ الْفَرِيضَةِ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا
၎င်းအပြင် အမျိုးသမီးများအနက် ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) လင်ရှိမိန်းမများသည်လည်း (ထိမ်းမြားရန် မြစ်တားပြီးဖြစ်ချေသည်) ၊ သို့ရာတွင် အကြင်မိန်းမများသည် အသင်တို့ လက်တွင်းသို့ သုံ့ပန်းအဖြစ်နှင့် ရောက်ရှိလာကြသော် (ထိုသို့ လင်ရှိသုံ့ပန်းမိန်းမများကိုပင် ထိမ်းမြားပိုင်ခွင့်ရှိပေသည်) ။ (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အမိန့်တော်ဖြစ်သည်။ ၎င်းအပြင် ထို (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားသောမိန်းမများကို အသင်တို့အဖို့ ဟလာလ် ပြုလုပ်ထားတော်မူသည်။ ဆိုလိုသည်ကား အသင်တို့သည် (ထိုမိန်းမများကို) မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် ကာမဂုဏ် လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ ထိန်းသိမ်း၊ စောင့်ရှောက်သောသူများအဖြစ်နှင့် (ဝါ) ထိမ်းမြားလက်ထပ်ယူသော သူများအဖြစ်နှင့် ရှာဖွေတောင်းဆို (ထိမ်းမြား) ကြလေကုန်။ ပြီးနောက် အသင်တို့သည် ထိုမိန်းမများနှင့် (ဇနီးမောင်နှံအဖြစ်နှင့်) အကျိုးကျေးဇူး ခံစားခဲ့ကြသည်ရှိသော် အသင်တို့သည် ထိုမိန်းမများအား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော ‘မဟရ်’ ကိုပေးကြကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟရ်ကို သတ်မှတ်ပြဋ္ဌာန်းပြီးနောက်တွင် (ထိုမဟ်ရ်ကို တိုးခြင်း၊ လျှော့ခြင်း၊ လုံးဝခွင့်လွှတ်ခြင်း၌) မိမိတို့အချင်းချင်း သဘောတူ ကျေနပ်ကြပါမူ အသင်တို့အပေါ်၌ အပြစ်တစ်စုံတစ်ရာ မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) ၎င်းအပြင် အသင်တို့ပိုင်ဆိုင်ခဲ့ကြသော (လင်ရှိ) သုံ့ပန်းမိန်းမများမှတစ်ပါး အခြား ထိမ်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) သူတစ်ပါးနှင့် ထိမ်းမြားထားသော အိမ်ထောင်သည်မိန်းမတို့သည်လည်း (ဟရာမ်မြစ်တားပြီးဖြစ်၏။) (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော (အမိန့်တော်ပင်တည်း။) သို့ရာတွင် ယင်း (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားမိန်းမတို့သည် (အကယ်၍) ယင်းမိန်းမတို့အား ကာမဂုဏ်လိုက်စားကြသူများအဖြစ် မဟုတ်ဘဲ အသင်တို့သည် မိမိတို့ ဥစ္စာပစ္စည်းများဖြင့် (ရိုးသားစွာ) ထိန်းသိမ်း၊ စောင့်ရှောက်ကြသူများအဖြစ် (ဝါ) ထိမ်းမြားလက်ထပ်သူများအဖြစ်နှင့် အိမ်ထောင်ပြုလိုကြပါမူ အသင်တို့အဖို့ ခွင့်ပြုပြီးဖြစ်ချေသတည်း။ တစ်ဖန် အသင်တို့သည် ထိုဇနီးမိန်းမများအနက်မှ မည်သည့် မိန်းမနှင့်မဆို (ဇနီးမောင်နှံအဖြစ်) အကျိုးကျေးဇူးခံစားခဲ့သည်ရှိကြသော် အသင်တို့သည် ၎င်းမိန်းမတို့အား မဟရ်များကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အတိုင်း ပေးဆပ်ကြလေကုန်၊ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟ်ရ်ကို သတ်မှတ်အတည်ပြုပြီးသည့်နောက် (ထိုမဟ်ရ်ကို လျှော့ခြင်း၊ တိုးခြင်း၊ လုံးဝခွင့်လွှတ်ခြင်းနှင့်စပ်လျဉ်း၍) မိမိတို့အချင်းချင်း သဘောတူကျေနပ်ကြပါမူ အသင်တို့ အပေါ်ဝယ် ယင်းသည့်အချက်နှင့်စပ်လျဉ်း၍ အပြစ်တစ်စုံတစ်ရာမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

Choose other languages: